top of page

ကရင်ပြည်နယ် ပျက်စီးမှုများစွာထဲမှ မက္ကသာရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု

Myanmar Witness

4 Jul 2023

Report Published:

5.png
4.png
3.png

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ မက္ကသာကျေးရွာ၌ လေကြောင်းတိုက်ခိုက်ခံရမှု

ကရင်ပြည်နယ် ပျက်စီးမှုများစွာထဲမှ မက္ကသာရွာ ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှု


အသေးစိပ်ဖြစ်စဥ်တင်ပြချက်

  • ဖြစ်စဥ်ဖြစ်ပွားခဲ့သောတည်နေရာ။


  • ဓမ္မရက္ခိတဘုန်းကြီးကျောင်း (Dhamma Rakkhita Monastery)၊ မက္ကသာရွာ (Mae Kasa village)၊ ဘုရားသုံးဆူမြို့ (Hpayarthonesu Town)၊ ကြာအင်းဆိပ်ကြီးမြို့နယ် (Kyainseikgyi Township)၊ ကရင်ပြည်နယ် (Karen State)၊ [15.389233, 98.381778]။

  • သပြုသတ္တုမိုင်း [15.606206, 98.410007]


  • ဖြစ်စဥ်ဖြစ်ပွားခဲ့သော အချိန်နှင့်နေ့ရက်။

    • ၂၀၂၂ အောက်တိုဘာ ၆၊ နံနက် သုံးနာရီဝန်းကျင်  (ဘုန်းကြီးကျောင်းအားလေကြောင်းတိုက်ခိုက်ခံရခြင်း)။

    • ၂၀၂၂ အောက်တိုဘာ ၁၆ (သတ္တုမိုင်းလေကြောင်းတိုက်ခိုက်ခံရခြင်း)။

    • ၂၀၂၂ ဇန်န၀ါရီ ၂၅ (သတ္တုမိုင်းလေကြောင်းတိုက်ခိုက်ခံရခြင်း)။


  • ဖြစ်စဥ်၌ ပါဝင်/ကျူးလွန်သည်ဟု သတ်မှတ်ခံရသူများ။

    • စစ်ကောင်စီ (State Administration Council, SAC)

    • စစ်ကောင်စီ လေတပ် (Myanmar Air Force, MAF)

    • ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (Karen National Liberation Army, KNLA)

    • ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Forces, PDF)


  • ကောက်ချက်များ။

    • KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များနှင့် SAC တပ်များကြား တိုက်ပွဲများဖြစ်ပြီးနောက် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်း ငါးကြိမ်လေကြောင်းတိုက်ခိုက်ခံရသည်ဟု သတင်းပေးပို့ ချက်များနှင့် ပတ်သက်၍ Myanmar Witness က စုံစမ်းစစ်ဆေးမှုဆောင်ရွက်ခဲ့သည်။

    • လေကြောင်းတိုက်ခိုက်မှု တကြိမ်သည် မက္ကသာရွာ (Mae Kasa village) ဓမ္မရက္ခိတ ဘုန်းကြီးကျောင်း (Dhamma Rakkhita Monastery) အားထိခိုက်ခဲ့ကြောင်းနှင့် နောက်ထပ် လေကြောင်းတိုက်ခိုက်မှု လေးကြိမ်သည် သပြုသတ္တုမိုင်း (Thabyu Lead Mine) အား ထိခိုက်ခဲ့ကြောင်း သတင်းများအရ သိရှိရသည်။

    • လေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟုသိရှိရသော ၂၀၂၂ ခုနှစ်တွင်း အောက်တိုဘာ ၆ နှင့် နိုဝင်ဘာ ၁၆၊ ၂၀၂၃ ခုနှစ်တွင်း ဇန်နဝါရီ ၂၅ ရက်နေ့များမှ ထိခိုက်ပျက်စီးမှုများအား Myanmar Witness က တည်နေရာအတည်ပြုခဲ့သည်။

    • Myanmar Witness သည် စစ်ကောင်စီလေတပ်က အသုံးပြုခဲ့သည်ဟု ယူဆရသော ဗုံးအစအနများအား လေ့လာစစ်ဆေးခဲ့ပြီး၊ SAC ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၆ တွင် ၎င်းတို့ ကရင်ပြည်နယ်တွင်းလေကြောင်းတိုက်ခိုက်မှု ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်အတည်ပြုထားသည်နှင့်လည်း ကိုက်ညီမှုရှိနေသည်။

    • အဆိုပါနေရာနှစ်ခုစလုံးသည် ဒေသခံများအတွက် အလွန်အရေးပါသည်။ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းသည် ဒေသခံများ ဗုဒ္ဓဘာသာဆိုင်ရာပွဲတော်များ ပြုလုပ်ရာနေရာ ဖြစ်သလို၊ မက္ကသာရွာနှင့် အနီးနားမှ စစ်ရှောင်များအတွက် ခိုနားရာနေရာတခုလည်း ဖြစ်သည်။

    • နိုဝင်ဘာ ၁၆၊ ၂၀၂၂ ၌ ဖြစ်ပွားခဲ့သည်ဟု သတင်းသိရှိရသော လေကြောင်း တိုက်ခိုက်မှုကြောင့် သတ္တုမိုင်းတွင် အလုပ်လုပ်ကိုင်နေသောလုပ်သား သုံးဦး သေဆုံးခဲ့ကြောင်း Khit Thi Media က တင်ပြထားသည်။


အနှစ်ချုပ်အပြည့်အစုံ

Myanmar Witness သည် ၂၀၂၂ ခုနှစ် စက်တင်ဘာလမှစတင်၍ မြန်မာစစ်တပ်နှင့် KNLA တို့ တိုက်ပွဲ ဖြစ်လေ့ဖြစ်ထရှိသည့် ကြာအင်းဆိပ်ကြီးမြို့နယ်အား စောင့်ကြည့်ခဲ့သည်။ ဤအစီရင်ခံစာသည် ၂၀၂၂ အောက်တိုဘာနှင့် ၂၀၂၃ ဇန်နဝါရီကြားတွင် မြန်မာ့လေကြောင်းက အဆိုပါမြို့နယ်အား အကြိမ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟုဆိုသော သတင်းများကို စုံစမ်းစစ်ဆေးတင်ပြထားသည်။

KNLA က မကြာသေးခင်က သိမ်းပိုက်ထားသော ဘုရားတောင်စစ်တပ်စခန်း၏ အရှေ့ဘက် ၁၀-ကီလိုမီတာ ခန့်အကွာရှိ မက္ကသာကျေးရွာကို စစ်ကောင်စီက ၂၀၂၂ အောက်တိုဘာ ၆၊ နံနက် သုံးနာရီဝန်းကျင်၌ တိုက်လေယာဉ်များဖြင့် ဗုံးကြဲခဲ့သဖြင့် ကျေးရွာအတွင်းရှိ ဓမ္မရက္ခိတဘုန်းကြီးကျောင်းမှ ပျက်စီးခဲ့သော ကျောင်းဆောင်တဆောင်အား Myanmar Witness က တည်နေရာအတည်ပြုခဲ့သည်။ ဂြိုလ်တုဓာတ်ပုံများ အရလည်း အဆိုပါကျောင်းဆောင်၏ခေါင်မိုး ထိခိုက်ပျက်စီးသွားသည့် နေရက်ကိုအနီးစပ်ဆုံး အတည်ပြုခဲ့သည်။ ဤဘုန်းကြီးကျောင်းသည် internally displaced persons (IDP) များ ခိုလှုံရာနေရာ လည်းဖြစ်သည်။


နိုဝင်ဘာနှင့် ဒီဇင်ဘာ ၂၀၂၂ နှင့် ဇန်နဝါရီ ၂၀၂၃ လများတွင်း မက္ကသာရွာ၏ မြောက်ဘက် ၂၂-ကီလိုမီတာခန့် အကွာရှိ သပြုသတ္တုမိုင်းများကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ထိရှိခဲ့ပြီး လူသုံးဦးသေဆုံးခဲကြောင်း KIC သတင်းဌာနက တင်ပြထားသည်။ အဆိုပါဖြစ်ရပ်များ၊ အထူးသဖြင့် ၁၆ နိုဝင်ဘာနှင့် ၂၅ ဇန်နဝါရီ လေကြောင်းတိုက်ခိုက်မှုများ နှင့်ပတ်သက်၍ ဖြစ်ပွားခဲ့ရာနေရာများမှ ဓာတ်ပုံများအား Myanmar Witness က တည်နေရာအတည်ပြုခဲ့သည်။


နိုဝင်ဘာ ၁၆၊ ၂၀၂၂ ၌ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာစစ်တပ်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်းကို အတည်ပြုခဲ့ပြီး ဤသို့တိုက်ခိုက်ရခြင်းမှာ ဒေသတွင်း လုံခြုံရေးအရဖြစ်ကြောင်း ဆိုသည်။ ထို့ကြောင့် MAF သည် အဆိုပါနေရာများတွင် လေကြောင်းစစ်ဆင်ရေး များ ဆောင်ရွက်နေကြောင်း အတည်ပြုနိုင်ပြီး အောက်တိုဘာ ၂၀၂၂ နှင့် ဇန်နဝါရီ ၂၀၂၃ ကြား ဖြစ်ပွားခဲ့သော အခြားလေကြောင်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းမှာ လွန်စွာဖြစ်နိုင်ကြောင်း ကောက်ချက်ချနိုင်သည်။

Myanmar Witness သည် မြန်မာလေတပ်က နိုင်ငံတဝန်းလုံး၌ စစ်ဆင်မှုများပြုလုပ်နေခြင်းများနှင့် ပတ်သက်ပြီး ကောင်းကင်ပေါ်မှမျက်လုံးများ အသေးစိတ်အစီရင်ခံစာတွင် တင်ပြခဲ့ပြီးဖြစ်သလို ရှေ့ဆက်၍လည်း စောင့်ကြည့်လေ့လာစစ်ဆေးစုံစမ်းမှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။


ဖြစ်စဥ်နောက်ခံနှင့် အကြောင်းအရာ

စက်တင်ဘာ ၂၈၊ ၂၀၂၂ နံနက်၌ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နှင့် ဘုရားသုံးဆူမြို့ကို ဆက်သွယ်ထား သော ကားလမ်းပေါ်ရှိ စစ်ကောင်စီတပ်၏ ရှေ့တန်းစခန်းတစ်ခုဖြစ်သော ဘုရားတောင်စခန်းကုန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force, PDF) ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၁၀-ဦးနှင့်အထက် (သတင်းများက ၁၁ မှ ၁၃ ဦးကြားဟုတင်ပြကြသည်) သေဆုံးပြီး လက်နက်များလည်း သိမ်းဆည်ခဲ့ကြောင်း Khit Thit Media နှင့် Myanmar Now က သတင်းဖော်ပြသည်။


အောက်တိုဘာ ၆၊ နံနက် သုံးနာရီဝန်းကျင်တွင် စစ်ကောင်စီလေတပ်သည် မက္ကသာကျေးရွာရှိ ဓမ္မရက္ခိတ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းဆောင်တဆောင် ပြင်းထန်စွာပျက်စီး ခဲ့သည်ဟု ကရင်အမျိုးသားအစည်းအရုံး (Karen National Union, KNU) က သတင်း ထုတ်ပြန်သည်။ စစ်ကောင်စီလေတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မက္ကသာကျေးရွာရှိ ဓမ္မရက္ခိတ ကျောင်းဆောင်သည် ရှေးယခင်က ဒေသခံများ အလှူအတန်းများ၊ ရဟန်းခံ ရှင်ပြု၊ ဘာသာရေးပွဲတော်များ ပြုလုပ်သည့်နေရာ တခုဖြစ်သလို internally displaced persons (IDP) များ ခိုလှုံရာနေရာဖြစ်ကြောင်း လည်း သိရှိရသည်။ အဆိုပါဘုန်းကြီးကျောင်း၌ ခိုလှုံသူများသည် တိုက်လေယာဉ်များ မကြာခဏ မြင်တွေ့ရခြင်းကြောင့် ဘုရားသုံးဆူမြို့နှင့် အနီးနားနေရာများသို့ ပြောင်းရွှေ့ခိုလှုံနေရကြောင်း Khit Thit Media ကဖော်ပြထားသည်။


အောက်တိုဘာလမှ နောက်သုံးလကြာသည်အထိလည်း အဆိုပါမြို့နယ်သည် တိုက်ပွဲများဖြစ်ပွားရာနေရာ အဖြစ်ဆက်ရှိနေခဲ့သည်။ နိုဝင်ဘာ ၂၀၂၂ နှင့် ဇန်နဝါရီ ၂၀၂၃ ကြား၌ စစ်ကောင်စီလေတပ်က သပြုသတ္တုမိုင်း (Thabyu Mine) အား တိုက်ခိုက်မှုများကြောင့် လူသုံးဦးသေဆုံးကာ ရှစ်ဦးဓာဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Khit Thit Media အရ သိရှိရသည်။


ဇန်နဝါရီ ၄၊ ၂၀၂၃၊ နံနက်တွင် KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များသည် ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ) များဖြစ်သော ခလရ-၃၂၊ ခလရ-၂၈၃ တပ်ရင်းများကို တိုက်ခိုက် ပြီး အဆောက်အအုံအချို့ကို မီးရှို့လိုက်သည်ဟု မဇ္ဈိမသတင်း အရ သိရှိရသည်။


သုတေသနနည်းနာ

Myanmar Witness သည် ဒီဂျစ်တယ်အထောက်အထားထိန်းသိမ်းစောင့်ရှောက်မှုနည်းနှင့်၊ တိကျခိုင်မာပြီး မည်သူမဆိုဆောင်ရွက်နိုင်သော ခွဲခြမ်းစိတ်ဖြာသုံးသပ်နည်းစနစ်တို့ကို လိုက်နာထားသည်။ ဒီဂျစ်တယ် သက်သေအထောက်အထားအား ကောက်ယူစုဆောင်ပြီး၊ ၎င်းအထောက်အထားများသည် စစ်မှန်ကြောင်း နှင့် မည်သူတဦးတယောက်မှ မလိုလားသောပြုပြင်ခြင်းများမရှိစေရန် လုံခြုံသည့် database တွင် hashing စနစ်ဖြင့် သိုလှောင်သိမ်းဆည်းထားသည်။


Google Earth အစရှိသည့် အွန်လိုင်းမှတဆင့် အများပြည်သူ လွတ်လပ်စွာရယူအသုံးပြုနိုင်သော နည်းစနစ် (open source tools) မျိုးစုံကိုအသုံးပြု၍ ရုပ်သံမှတ်တမ်း သို့ ဓာတ်ပုံပါ အရာဝတ္ထုနှင့် အင်္ဂါရပ်များအား ဂြိုလ်တုဓာတ်ပုံများနှင့် တိုက်ဆိုင်စစ်ဆေးကာ တည်နေရာအတည်ပြုခြင်းဆောင်ရွက်သည်။ Myanmar Witness ထုတ်ပြန်သော အစီရင်ခံစာများတွင် တည်နေရာအတည်ပြုပြီးဖြစ်ကြောင်း ထည့်သွင်းဖော်ပြရန် အတွက် မေးခွန်းထုတ်ဖွယ်မရှိအောင်ခိုင်လုံသော သက်သေသက္ကာရများတင်ပြနိုင်မှသာ အတည်ပြု ထားသည်ဟု အဆိုပြုထည့်သွင်းပြီး ၎င်းရလဒ်များကိုလည်း အပြန်အလှန်တိုက်စစ်ခြင်း (cross-checking) နှင့် အခြားကျွမ်းကျင်သူများမှ ကြည့်ရှုသုံးသပ်ပေးခြင်းများ (peer-review) ဆောင်ရွက် ခြင်းအားဖြင့် Myanmar Witness အတည်ပြုချက်များအား အရည်အသွေးမြင့် စံနှုန်းများအတိုင်း လိုက်နာဆောင်ရွက်သည်။


တည်နေရာလိုက် အချိန်တွက်ချက်ခြင်းနည်းလမ်း (chronolocation) ကို တည်နေရာတခုပေါ်တွင် မူတည်ပြီး နည်းစနစ်အမျိုးမျိုးဖြင့် ဖြစ်ရပ်ဖြစ်ပွားခဲ့သည့် အချိန်ကို တွက်ချက်အတည်ပြုခြင်း ဖြစ်သည်။ သက်ဆိုင်ရာ UGC များကို အင်တာနက်ပေါ်သို့ တင်ထားသည့် အချိန်နှင့်နေ့စွဲများပေါ်မူတည်၍ ဖြစ်ရပ် ဖြစ်ပွားခဲ့သည့် ဖြစ်နိုင်ခြေနေ့ရက်နှင့် အချိန်ကို ဘောင်ခတ်နိုင်သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိမြင်တွေ့ ရသော အခြားဖြစ်ရပ်၊ နာရီ၊ ရာသီဥတုအခြေအနေ၊ အရိပ် အစရှိသည်တို့နှင့် နှိုင်းယှဉ်ကာ စိစစ်သုံးသပ်သည်။ တည်နေရာအတည်ပြုပြီးပါက အရိပ်လားရာလမ်းကြောင်းကို အသုံးပြု၍ အဆိုပါနေရာ၊ အဆိုပါနေ့ရက်၌ နေ သည် မည်သည့်နေရာတွင် ရှိနေသည်ကို တွက်ချက်ရယူခြင်းအားဖြင့် ဓာတ်ပုံရိုက်ယူခဲ့သည့် အချိန်ကို ရရှိသည်။ အချိန်အတည်ပြုချက်သည် အချိန်မိနစ်ပိုင်းထိ တိကျမှုရှိရန်ခဲယဉ်းသော်လည်း Myanmar Witness အနေဖြင့် မှားယွင်းမှုမရှိအောင်ရှောင်ရှားပြီး တိကျမှုအရှိနိုင်ဆုံး စိစစ်တင်ပြသည်။


မျက်မြင်သက်သေ၏ ထွက်ဆိုချက်များ၊ သို့ ပြင်ပအစီရင်ခံများ အစရှိသဖြင့် အတည်ပြုထားခြင်း မရှိသေးသော အချက်အလက်များကို အသုံးပြုထားပါက ယင်းသို့သောအချက်အလက်များသည် အဆိုပြုချက်များ (claims) သာဖြစ်ပြီး၊ Myanmar Witness မှ ကိုယ်ပိုင်လွတ်လပ်စွာ အတည်ပြုထားခြင်း မရှိကြောင်းကို အစီရင်ခံစာများ၌ ပွင့်လင်းစွာဖော်ပြထားမည်ဖြစ်သည်။ စီလျော်အပ်စပ်မှုရှိသည့် နောက်ခံအကြောင်းအရာတခုသည် စုံစမ်းစစ်ဆေးနေသည့်ဖြစ်ရပ်အား ပိုမိုပြည့်စုံစွာနားလည်စေမည် ဆိုပါက အတည်မပြုရသေးသော အဆိုများအားလည်း အတည်မပြုထားကြောင်း ပွင့်လင်းစွာဖော်ပြကာ Myanmar Witness အစီရင်ခံစာများ၌ ထည့်သွင်းအသုံးပြုမည်ဖြစ်သည်။


Myanmar Witness သည် ကျင့်ဝတ်ဆိုင်ရာစံနှုန်းများနှင့်အညီ၊ ပါဝင်ပတ်သက်နေသည့် ပုဂ္ဂိုလ်များ၏ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်သိရှိစေနိုင်မည့် အချက်အလက်များကို ဖုံးကွယ်ပေးခြင်း၊ ပုဂ္ဂိုလ်ရေးရာအချက်အလက်များနှင့် ဓာတ်ပုံများကို သင့်လျော်သလို ဆင်ဆာဖြတ်တောက်ခြင်း၊ လူပုဂ္ဂိုလ်တဦးတယောက်နှင့် ချိတ်ဆက်မိ နိုင်သော အချက်အလက်များကိုဖယ်ရှားခြင်း၊ နှင့် ယင်းအချက်အလက်များအား လုံခြုံစွာ ထားသိုသိမ်းဆည်း ပေးထားသည်။ Myanmar Witness ၏ အစီရင်ခံစာများတွင် စိတ်မချမ်းမြေ့ဖွယ်ရာ မြင်ကွင်းများကိုလည်း သင့်လျော်သလို ဆင်ဆာဖြတ်ခြင်း၊ ချန်ထားခဲ့ခြင်းများ ပြုလုပ်သည်။


uk_edited.jpg
myanmar flag-button-square-250.png

Download report as PDF (Free)

start reading
bottom of page